မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ခြင်းသည် ကျဆုံးလုနီးနီး နိုင်ငံတစ်နိုင်ငံနှင့် အလုပ်တွဲလုပ်ခြင်းဖြစ်ကြောင်း နားလည်အသိအမှတ်ပြုရန် အရေးကြီးသည်ဟု နာမည်ကျော်သမိုင်းပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာသန့်မြင့်ဦးက ပြီးခဲ့သည့်လေးလက နိုင်ငံတကာသို့ သတိပေးခဲ့သည်

ကမ္ဘာကျော် Financial Time သတင်းစာတွင် ‘မြန်မာ့နတ်သမီးပုံပြင်ကို စွန့်လွှတ်ချိန်တန်ပြီ’ ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ (အဆိုပါဆောင်းပါးကို ၎င်း၏ခွင့်ပြုချက်ဖြင့် The Voice Journal Vol.13/No.38 တွင် ဘာသာပြန် ဖော်ပြခဲ့သည်။)

ဒေါက်တာသန့်မြင့်ဦးသည် လက်ရှိတွင် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ကမ္ဘာ့တွေးထိပ်တန်းတွေးခေါ်ရှင်အဖြစ် စာရင်းဝင်ခဲ့ပြီး ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့က ချီးမြှင့်သည့် ဆုများကို ရရှိထားသူလည်းဖြစ်ကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးလည်းဖြစ်သည်။
၎င်းရေးသားသည့် The River Of Lost Footsteps (ခြေရာပျောက်မြစ်)၊ Where China Meets India (တရုတ်နှင့် အိန္ဒိယဆုံမှတ်) နှင့် The Secret History Of Burma (မြန်မာ့လျှို့ဝှက်သမိုင်း) စာအုပ်များသည် ထင်ရှားသည်။
ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ရခိုင်အရေးမှစ၍ လူသတ်၊ မုဒိမ်း၊ မူးယစ်ဆေး စသည့် ရာဇဝတ်မှုထူပြောမှုများအလယ် ဆန္ဒပြမှုများ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ခြင်းအဆုံး ပြဿနာထူပြောလှသည့် မြန်မာနိုင်ငံသည် ပြိုလဲကျဆုံးခြင်းနယ်မြေသို့ ခြေနင်းလာနေပြီ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြလာကြပြီ။
တစ်နည်းအားဖြင့် နိုင်ငံတော်ပြိုလဲကျဆုံးခြင်း အန္တရာယ်သည် မြန်မာကို တံခါးခေါက်လျက်ရှိသည်။
“ကျွန်တော် မြင်တာကတော့ဗျာ၊ ကျွန်တော်တို့ အာဆီယံထဲမှာပေါ့ ပြောမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံက ညွှန်းကိန်းတော်တော်များများမှာ အောက်ကျနေတယ်ဗျ။ အောက်ကျနေတယ်ဆိုတာက စိုးရိမ်စရာ အခြေအနေရှိတယ်ပေါ့”
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးသိပ္ပံကျောင်း (ISP Myanmar) ၏ သင်တန်းရေးရာ ဒါရိုက်တာဖြစ်သူ ဦးအောင်သူငြိမ်းကလည်း မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အထက်ပါအတိုင်း ပြောဆိုလိုက်သည်။
နိုင်ငံတော် ကျဆုံးခြင်းဆိုသည်မှာ ယေဘုယျအားဖြင့် အစိုးရအနေနှင့် များစွာဆိုးရွားလာနေသည့် နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကို နိုင်နင်းစွာ မကိုင်တွယ်နိုင်တော့ခြင်း၊ အုပ်ချုပ်မှုအာဏာပျက်စီးခြင်းဖြစ်သည်။
မြန်မာ့လက်ရှိအနေအထားသည် ရှုပ်ထွေး၍ မအောင်မြင်မှုများက နေရာများစွာတွင် မြင်နေရသည်။
၂၀၁၀ ပြည့်နှစ်အလွန်တွင် ကမ္ဘာ့နိုင်ငံရေးပင်လယ်ပြင်၌ ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းလှိုင်းများ လွှမ်းမိုးခဲ့သည်။ ယင်းလှိုင်းတွင် မြန်မာနိုင်ငံလည်း ဝင်ရောက်စီးနင်းရင်း အရပ်သားတစ်ပိုင်း အစိုးရတက်လာသည်။ ယင်းနောက် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် ကာလကြာရှည်ဒီမိုကရက်တစ်အတိုက်အခံအဖြစ်ရှိနေခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အာဏာရခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အစိုးရအနေနှင့် ဖြေရှင်းစရာ ပြဿနာတစ်သောင်းခြောက်ထောင်အနက် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်။ သို့သော် သက်တမ်းထက်ဝက်နား ချဉ်းနင်းလာပြီဖြစ်သည့် ယနေ့အထိ နိုင်ငံရေးလေ့လာသူများကို စိတ်ကျေနပ်မှု မပေးနိုင်သေးပေ။
“အဓိကဦးစားပေးသတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကစပြီးတော့ နည်းနည်းပြဿနာရှိနေတယ်” ဟု မြန်မာနိုင်ငံ၏ ထင်ရှားသည့် နိုင်ငံရေး စာရေးဆရာဖြစ်သူ ဦးကျော်ဝင်းက The Voice Journal သို့ မှတ်ချက်ပြုသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ထက်ဝက်ခန့်ဖြစ်သည့် ရှစ်ဖွဲ့က လက်မှတ်ရေးထိုးထားပြီး နောက်ထပ်နှစ်ဖွဲ့ကလည်း မကြာခင် လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ကြေညာထားသည်။
သို့သော် အင်အားတောင့်တင်းပြီး အရေးပါသည့် အလှည့်အပြောင်းဖြစ်စေသည့် ကချင်၊ ရှမ်းနှင့် ‘၀’ တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးမယူနိုင်သေး။ နိုင်ငံ၏ဒေသများစွာတွင် တိုက်ပွဲများက တောက်လျှောက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အခြေ အနေက မကောင်းလှသော်လည်း ယင်းကိုမူ ကျော်လွန်နိုင်လိမ့်မည်ဟု ဦးကျော်ဝင်းက သုံးသပ်သည်။
“အဲဒီဟာက ကျော်တော့ ကျော်နိုင်ပါတယ်။ အဆိုးကြီးတော့ မဟုတ်ဘူးပေါ့” ဟု ၎င်းကဆိုသည်။
သို့သော်။
“ငြိမ်းချမ်းရေးဖြစ်စဉ်က အောင်မြင်နေတယ်ထားဦး၊ အနည်းဆုံး ဆယ်နှစ်တော့ကြာမှာ။ အဲဒီတော့ အဲဒီဆယ်နှစ်အတွက် ဘာနဲ့ စားမလဲ။ စီးပွားရေးက ထိန်းမထားနိုင်ရင်ပေါ့။ အဲဒီတော့ စီးပွားရေးကလည်း အလားတူ အရေးကြီးတဲ့ကိစ္စ၊ ဒါပေမဲ့ စီးပွားရေးမှာ အခုထိတော့ ပြောပလောက်တဲ့ အောင်မြင်မှုက ဟုတ်တိပတ်တိ သိပ်မတွေ့သေးဘူး” ဟု ဦးကျော်ဝင်း က ဆိုသည်။
“အဓိကပြဿနာက ဘာဖြစ်နေလဲဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိတာပေါ့။ ဘယ်လိုလုပ်ရမှန်း မသိတာဆိုတာက ရှေ့ဘာဆက်လုပ်ကြမလဲဆိုတဲ့ ပြဿနာရှိတယ်” ဟု ၎င်းက နောက်ဆက်တွဲ ထပ်မံ ပြောဆိုသည်။
ငြိမ်းချမ်းရေးနှင့် အပြိုင် အရေးကြီးသည့် စီးပွားရေးသည်လည်း အနာတရဖြင့် အလူးအလဲဖြစ်နေဆဲ။
ကမ္ဘာ့ဘဏ်က ပြုစုထားပြီး နောက်ဆုံးထုတ်ပြန်ထားသည့် ၂၀၁၆ ခုနှစ်အတွက် စီးပွားရေးအညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) သည် အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၄ ဘီလီယံဖြင့် ယခင်နှစ်ထက် မြင့်မားသည့်နေအထားသို့ ရောက်ရှိနေသလို တစ်ဦးချင်းအသားတင်ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် ၁၄၂၀ ဒေါ်လာဖြစ်ရာ ယခင်နှစ်များထက် နှစ်စဉ် ပိုများနေကြောင်း ပြသနေသည်။ လာမည့် ၂၀၂၀ တွင် ၁၈၃၂ အထိ မြင့်တက်လာရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားသည်။
သို့သော် ယင်းအနေအထားသည် ဒေသတွင်းဆင်းရဲသည့်နိုင်ငံတစ်ခုဖြစ်သည့် လာအိုကိုပင် မမီသေးပေ။ ၂၀၂၀ ရောက်သည့်တိုင် ၂၀၁၅ ခုနှစ်က လာအိုရ ရှိထားသည့် အနေအထားကို မမီသေးကြောင်း ကိန်းဂဏန်းများက ဖော်ပြနေသည်။
“လက်ရှိအစိုးရရဲ့ ကျန်နေတဲ့ သက်တမ်းကာလအတွင်းမှာ လာအိုနိုင်ငံကို အမီလိုက်နိုင်ဖို့တောင် အလားအလာ နည်းနေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကိန်းဂဏန်း စီးပွားရေးကမ္ဘာထဲမှာ လက်ရှိ ဘယ်အနေအထားမှာ ရောက်နေတယ် ဆိုတာကို စဉ်းစားဖို့ဖြစ်ပါတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က ထောက်ပြထားသည်။
ဒေါက်တာ ဦးမြင့်သည် ကုလသမဂ္ဂတွင် အကြီးတန်းစီးပွားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
“အတိုချုံးပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ နာမကျန်းဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ဒေါက်တာ ဦးမြင့်က မှတ်ချက်ပြုထားသည်။
မငြိမ်သက်သည့်နိုင်ငံရေးနှင့် ကျဆင်းလာသည့် စီးပွားရေးအခြေအနေများက နိုင်ငံတော်ကို ပြိုလဲသွားစေ၊ ကျဆုံး သွားစေသလော။
မြန်မာနိုင်ငံအနေနှင့် လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်တွင် ရောင်စုံလက်နက်ကိုင်တပ်ဖွဲ့များ တော်လှန်ပုန်ကန်မှုကို ကျယ်ပြန့်စွာခံခဲ့ရပြီး ထိုစဉ်ကအစိုးရအနေနှင့် ဧရိယာတော်တော်များများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ရန်ကုန်အစိုးရဟုပင် ခေါ်ဝေါ်ကြရသည်အထိ အစိုးရ ထိန်းချုပ်နိုင်စွမ်းက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ရသည်။
နောက် နှစ်ပေါင်း ၄၀ အကြာ ၁၉၈၈ ခုနှစ်တွင် ဆင်းရဲတွင်းနက်မှုနှင့် ဖိနှိပ်မှုကြီးမားမှုတို့ကြောင့် လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့သည်။ ၈၈ အရေးအခင်းအတွင်း သမ္မတသုံးဦး အပြောင်းအလဲဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားခဲ့သည်။
ယင်းအခြေအနေနှစ်ခုသည် ကျဆုံးနိုင်ငံတော် (Failed State) အဖြစ် နိုင်ငံ ရေးလေ့လာသူအချို့က မှတ်ချက်ပြုသည်။
စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ပဋိပက္ခများ စသည့်ပြဿနာများက ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို နောက်ပြန်လှည့်စေနိုင်သည့် အချက်အလက်များအဖြစ် ပညာရှင်များက ပြောဆိုကြသည်။
ယင်းနောက်ပြန်လှည့်မှုမှ တစ်ဆင့် နိုင်ငံအနေနှင့် ကျဆုံးနိုင်ငံတော်ဆီသို့ ဆက်သွားနိုင်မည့်အရေးအပေါ် စိုးရိမ်ချက်များလည်း ရှိနေသည်။
ကျဆုံးနိုင်ငံတော်ဖြစ်ရသည့် အကြောင်းအချက်များနှင့်ပတ်သက်၍ နိုင်ငံတကာ ပညာရှင်နှစ်ဦးဖြစ်သည့် ဒါရွန်အေစီ မိုဂလူး (Daron Acemoglu) နှင့် ဂျိမ်းစ်အေရိုဘင်ဆင် (James A. Robinson) တို့က ပုဂ္ဂလိကပိုင်ဆိုင်ခွင့်မရှိခြင်း၊ အဓမ္မလုပ်အားပေးမှုများ ရှိနေခြင်း၊ လုပ်ပိုင်ခွင့်များ မညီမျှခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ ဗဟိုအစိုးရ အားနည်းခြင်းနှင့် အစိုးရဝန်ဆောင်မှုများ ညံ့ဖျင်းခြင်းတို့ကို ထောက်ပြကြသည်။ (ဇယားဖြင့် ဖော်ပြထားပါသည်။)
၎င်းတို့က မြောက်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ တောင်အာဖရိက၊ အီဂျစ်၊ ရုရှား၊ ဆိုမာလီယာ၊ ကိုလံ ဘီယာ၊ ပီရူး၊ ဘိုလစ်ဗီးယား၊ ဆီရာလီယွန် နိုင်ငံတို့၏ ဖြစ်ရပ်များကို သက်သေပြု၍ ပြောဆိုကြခြင်းဖြစ်သည်။
ဒါရွန်အေစီမိုဂလူး (Daron Acemoglu) နှင့် ဂျိမ်းစ်အေ ရိုဘင်ဆင် (James A. Robinson) တို့သည် ‘နိုင်ငံများ ကျဆုံးရခြင်းအကြောင်း’ (Why Nations Fail) စာအုပ်ကို ရေးသားခဲ့သူများလည်း ဖြစ်သည်။
အဆိုပါအချက်များ မြန်မာ့မျက်မှောက်အခြေအနေတွင် မည်မျှရှိနေသနည်း။
ကျဆုံးနိုင်ငံများသည် သယံဇာတထုတ်လုပ်သည့် လုပ်ငန်းများအပေါ် မှီခိုနေခြင်းနှင့် လူနည်းစုကသာ ချုပ်ကိုင်ထားခြင်း၊ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း၊ အရည်အချင်းရှိသူများ ပြင်ပသို့ ထွက်ခွာသွားခြင်းများ ရှိသည်။
မြန်မာနိုင်ငံအနေနှင့် သယံဇာတ ထုတ်လုပ်မှုအပေါ် မှီခိုနေရသလို ပြည်တွင်းပဋိပက္ခများကလည်း ရှိနေသည်။ ဒီမိုက ရေစီအသွင်ကူးပြောင်းရေးခရီးစဉ်သည်လည်း အစတွင်သာ ရှိနေသေးသည်။
အထူးသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ပတ်သက်၍ဖြစ်သည်။ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များစွာ ရှိနေပြီး အများစုက ငြိမ်းချမ်းရေးလက်မှတ်မရေးထိုးနိုင်သေးသည်မှစ၍ နိုင်ငံရေးအရ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏကွဲပြားနေမှုများသည် မြင်သာပါသည်။
တစ်ဖွဲ့က တစ်ဖွဲ့ကို ဆန့်ကျင်ကြောင်းပြသည့် လှုပ်ရှားမှုများ၊ ဟောပြောပွဲများ မကြာခဏ ရှိနေသလို အင်တာနက်စာမျက်နှာများတွင်လည်း အပြန်အလှန် တိုက်ခိုက်နေမှုများကို နေ့စဉ်တွေ့နိုင်သည်။
“တိုင်းသူပြည်သားတွေရဲ့ စည်းလုံး ညီညွတ်မှုလို့ ပြောလို့ရတယ်ပေါ့ဗျာ။ အဲဒါကျတော့ ခုနက ခင်ဗျားပြောတဲ့ ပြဿနာ မျိုးတွေပေါ့။ တစ်ယောက်တစ်ပေါက်၊ ဟိုအုပ်စု၊ ဒီအုပ်စု စသဖြင့် မညီညွတ်နိုင်ဘူးပေါ့ဗျာ” ဟု ဦးအောင်သူငြိမ်းက ဆိုသည်။
ပြဿနာများကတော့ နေရာများ စွာတွင် ရှိနေသည်။
မြန်မာနိုင်ငံအနေနှင့် ဆင်းရဲမွဲတေမှုညွှန်းကိန်းများအရ ၂၀၁၇ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၂၅ ဒသမ ၆ ရာခိုင်နှုန်းမှာ ဆင်းရဲမှုမျဉ်းအောက် ကျရောက်နေဆဲဖြစ်သလို ဆင်းရဲ၊ ချမ်းသာကွာဟမှုအကြီးမားဆုံးနိုင်ငံများစာရင်းလည်း ဝင်နေသည်။ မြေယာသိမ်းဆည်းမှုနှင့် နောက်ဆက်တွဲ ပြဿနာမီးများကိုလည်း မငြှိမ်းသတ်နိုင်သေး။
နိုင်ငံတော်ကျဆုံးခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့်လည်း အဓိကသက်ဆိုင်နေသည်။
ယင်းကိစ္စသည် ယခု NLD ၏ ဦးစားပေး အကြောင်းအရာတစ်ခုဖြစ်သော်လည်း မှန်းသလောက် မအောင်မြင်သေးပေ။
ထင်ထင်ပေါ်ပေါ်လူသတ်မှုများ၊ နေ့စဉ်လိုဖြစ်ပွားနေသည့် သက်ကြီး၊ သက်ငယ်မုဒိမ်းမှုများ၊ ကျောင်းနှင့် ကျေးရွာများအထိ ကျယ်ပြန့်စွာရောက်ရှိနေပြီး လွယ်ကူစွာရရှိနိုင်နေသည့် မူးယစ်ဆေးဝါးများ စသည်တို့သည် မြန်မာပြည်သူများ အကြား အထူးအဆန်းမဟုတ်တော့သည့် ပြဿနာများဖြစ်သည်။ ယင်းနှင့်အတူ တရားခံများကို ထိရောက်စွာ အပြစ်မပေးနိုင်သည့် ပြဿနာ။
လူသတ်တရားခံကို အားပေးထောက်ခံသည့်ဖြစ်ရပ်မျိုးပင် ရှိနေသည်။
“တရားစီရင်ရေးစနစ်မှာ အရေးယူမှုတွေ အင်မတန်အားနည်းတဲ့အတွက် အခု ပြည်သူလူထုကြားမှာ တစ်ခါမှမကြားဖူးတဲ့ ပြစ်ဒဏ်လျော့လို့ ဆန္ဒထုတ်ဖော်မှုတွေ၊ ကန့်ကွက်မှုတွေ ကြည့်လိုက်ရင် မြန်မာနိုင်ငံတရားရေးစနစ်ဟာ ပြုပြင်ဖို့ အင်မတန် အရေးတကြီးလိုအပ်နေပြီဆိုတာ အချက်ပေးခေါင်းလောင်း တီးလိုက်တာပဲပေါ့” ဟု ဦးသိန်းညွန့်က တရားရေးမဏ္ဍိုင် နှင့်ပတ်သက်၍ ပြောဆိုထားသည်။
၎င်းသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သည်။
နိုင်ငံတော်ကျဆုံးခြင်းသည် ပြည်သူလူထုက အစိုးရအပေါ် ယုံကြည်မှုကင်းမဲ့လာခြင်းဖြစ်ပြီး အစိုးရလုပ်ဆောင်ရမည့် ကိစ္စကို မိမိတို့ဘာသာ ဝင်ရောက်ဆုံးဖြတ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် တရားစီရင်ရေးအတွက် တရားရုံးကို အားမကိုးဘဲ ကိုယ့်ဘာသာ စီရင်လိုက်ခြင်းဖြစ်သည်။
“Rule of Law ကတော့ တော်တော်ပျက်နေပြီ။ ဘယ်လောက်အထိ ပျက်လဲဆိုတော့ နိုင်ငံတော်မှာ အရေးအကြီးဆုံးပုဂ္ဂိုလ်လို့ ပြောနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို မီးလောင်ဗုံးနဲ့ ပစ်သွားတာကိုး” ဟု စာရေးဆရာ ဦးကျော်ဝင်းက ဆိုသည်။
မကြာသေးခင်က ယုံကြည်ရသော ရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) အဖွဲ့က မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားမှုအရ ပြည်သူလူထုအကြား တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုကျဆင်းလာနေသည်။
ယင်းက ပို၍ပင် အန္တရာယ်ကြီးမားပါသည်။
မှုခင်းကျဆင်းရေးကို အရှိန်မြှင့်တင်လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်ပင် အားနည်းချက်များက ရှိနေသည်။
ကမ္ဘာ့လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ရေးရာ အညွှန်းကိန်းအရ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေနှင့် နိုင်ငံပေါင်း ၁၂၇ နိုင်ငံ တွင် အဆင့် ၁၀၁ တွင်ရှိနေပြီး အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံးရလဒ်ဖြစ်သည်။
“ကျွန်တော်တို့က လူလည်းနည်းတယ်။ နည်းပညာအကူအညီကလည်း ပံ့ပိုးမှုက နည်းနေတယ်။ မရှိဘူး” ဟု အငြိမ်းစားရဲမှူးချုပ်တစ်ဦးက The Voice Journal နှင့် တွေ့ဆုံစဉ် ယမန်နှစ်က ပြောဆိုခဲ့ဖူးသည်။
ပြီးခဲ့သည့်လက ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဆူပူအုံကြွမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး လူကိုးဦး သေဆုံးခဲ့သည်။ ယင်းနောက်များ မကြာမီတွင်ပင် ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အသတ်ခံရသည်။
ယင်းဖြစ်စဉ်မျိုးတွင် ရဲတပ်ဖွဲ့တို့၏ ထိန်းသိမ်းကိုင်တွယ်မှုသည် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေပြီး ၎င်းတို့၏ စွမ်းဆောင်ရည်အပေါ် မူတည်သည်။
အကြမ်းဖက်မှုနှင့် ပဋိပက္ခများသည် မြန်မာနိုင်ငံနှင့် မစိမ်းလှတော့။ နောက်ဆက်တွဲအဖြစ် တိုင်းပြည်တွင် စိတ်ဝမ်းကွဲမှုနှင့် မငြိမ်သက်မှုများသာ ကျန်ရစ်ခဲ့ပြီး ယင်းက ကျဆုံးနိုင်ငံတော်ဆီသို့ ဦးလှည့်သွားစေမည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှုသည် ယင်းဒေသတွင်သွားရောက် တာဝန်ထမ်းဆောင်နေရသူများ၊ သွားရမည့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများကို စိုးရိမ်စေပြီး အစိုးရယန္တရားကို ထိခိုက်စေမည်ဖြစ်သည်။
“ရခိုင်ပြဿနာဆိုရင် အရင်အစိုးရလက်ထက်မှာလည်း ဖြစ်ခဲ့တယ်။ အခု အစိုးရလက်ထက်မှာလည်း ထပ်ဖြစ်တယ်ပေါ့။ ဒါပေမဲ့ နိုင်ငံတကာဖိအားမှာ ခုက ပိုများသွားတယ်။ တချို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေထိ သက်ရောက်မှုတွေ ရှိသွားသလို နိုင်ငံတကာဆက်ဆံရေးမှာ ကြီးကြီးမားမား ထိခိုက်မှုတွေထိ ရှိခဲ့တယ်” ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဦးဝင်းကိုက မှတ်ချက်ပေးသည်။
အစိုးရအနေနှင့် အကောင်းဘက်ကို ဦးတည်သွားနေသော်လည်း လက်ရှိတွင် အဆိုးများက များပြားနေရာ ပိုမိုအားစိုက်လုပ်ဆောင်ရန်လိုသည်ဟု ၎င်းက ဆိုသည်။
“ထင်တယ်။ ဒီအရှိန်မျိုးနဲ့တော့ မရဘူး။ ဒေါင်ဒေါင်မြည် Policy Maker(မူဝါဒချမှတ်သူ) တွေ လိုမယ်”
မြန်မာနိုင်ငံသည် ကျဆုံးလုနီးနီး နိုင်ငံတစ်ခုဖြစ်လာခြင်း၏ အခြားအကြောင်းတစ်ချက်သည် လုပ်သားများ ရွှေ့ပြောင်းသွားလာခြင်းနှင့် ပျံ့နှံ့နေထိုင် ခြင်းဖြစ်သည်။
မိသားစုဝင်များသည် နိုင်ငံ၏နေရာများစွာသို့ သွားရောက် လုပ်ကိုင်နေရသည်။ ရခိုင်တိုင်းရင်းသားအများအပြားက ကချင်ပြည်နယ် ဖားကန့်ဒေသသို့ ရောက်ရှိနေသည်။ မွန်ဒေသရှိ ရော်ဘာလုပ်ငန်းခွင်များတွင် အထက်အညာမှ လုပ်သားများ ရှိနေသည်။ အလားတူ ရခိုင်တွင်လုပ်သားရှားပါးမှုများဖြစ်ပေါ်နေပြီး အခြားနိုင်ငံများမှ ခိုးဝင်မှုပြဿနာများကလည်း ထူပြောနေသည်။ အချို့က ပြည်ပနိုင်ငံများတွင် ရှိနေသည်။
“လူမှုရေးတန်းတူညီမျှစွာ ရှိနေကြလျှင် ပုန်ကန်ထကြွရန် အကြောင်းအချက် (မက်လုံး) နည်းသည်” ဟု ဒါရွန် အေစီ မိုဂလူး (Daron Acemoglu) နှင့် ဂျိမ်းစ် အေ ရိုဘင်ဆင် (James A. Robinson) တို့က ဆိုထားသည်။
ကျဆုံးနိုင်ငံ တစ်နည်းအားဖြင့် နိုင်ငံအနေနှင့် ချောက်ကမ်းပါးထဲသို့ သက်ဆင်းသွားပါက ပြည်သူလူထုအနေနှင့် ဒုက္ခ သမုဒ္ဒရာ။
ကျဆုံးနိုင်ငံများကို ပြန်လည်ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်မှ ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ ဘာသာရပ်နှင့် ပါရဂူဘွဲ့ရခဲ့သူလည်းဖြစ်၊ လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံ၏ သမ္မတလည်း ဖြစ်သည့် အာရှရပ်ဂါနီ (Ashraf Ghani) ၏ တင်ပြချက်က ကျော်ကြားသည်။
၎င်းကိုယ်တိုင်ပင် ကျဆုံးနိုင်ငံတစ်ခု ကို ဦးဆောင်နေရသူဖြစ်ပြီး ‘ကျဆုံးနိုင်ငံများကို ပြန်လည်ပြင်ဆင်ခြင်း’ (Fixing Failed States:A Framework for Rebuilding a Fractured World) ဆိုသည့် စာအုပ်ကို ရေးသားခဲ့သည်။
၎င်းက အချက် ၁၀ ချက်ကို ထောက်ပြသည်။ (ဇယားဖြင့်လည်း ဖော်ပြထားပါသည်။)
လက်နက်ကိုင်တပ်ဖွဲ့များကို နိုင်ငံတော်က ချုပ်ကိုင်နိုင်ခြင်း၊ အုပ်ချုပ်ရေး နိုင်နင်းခြင်း၊ လူသားအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံခြင်း၊ နိုင်ငံသားအခွင့်အရေး ပေးအပ်ခြင်း၊ အခြေခံအဆောက်အဦများ ဆောက်လုပ်ပေးခြင်း၊ နိုင်ငံတော်ပိုင် (မြင်သာသော၊ မမြင်သာသော)ပိုင်ဆိုင်မှုများကို ဥပဒေစည်းမျဉ်းများဖြင့် စီမံခန့်ခွဲခြင်း၊ ဈေးကွက်ဖန်တီးပေးခြင်း၊ ငွေချေးမှုများအပါအဝင် နိုင်ငံတကာသဘောတူညီ ချက်များကို ထိန်းသိမ်းခြင်းနှင့် ဥပဒေနည်းကျ အုပ်ချုပ်ခြင်းတို့ ဖြစ်သည်။
“ဆိုတော့ အဲဒါတွေအားလုံးက ကျွန်တော်တို့တိုင်းပြည်ရဲ့ ရေရှည်ကိစ္စတွေအတွက် ပြဿနာရှိတယ်ဗျ” ဟု ဦးအောင်သူငြိမ်းက ဆိုသည်။
“တစ်ဖက်မှာလည်း နောက်ထပ် ထပ်ကြည့်ရင် သံတမန်ဆက်ဆံရေးကလည်း မပြေလည်လှဘူးပေါ့နော်။ အခုအချိန်မှာ နိုင်ငံတကာ ဝေဖန်မှုတွေ ဘာတွေ များတယ်။ စီးပွားရေးကျတော့လည်း အခုက ထိုင်းမှိုင်းနေတယ်။ ဒီလို ဘက်ပေါင်းစုံ အခြေအနေပေါ့နော်။ အဲဒါတွေကတော့ မကောင်းတဲ့ဘက် ညွှန်းနေတာပေါ့”
The Fund For Peace အဖွဲ့က ကောက်ယူသည့် ထိခိုက်ပျက်စီးလွယ်သည့် ၂၀၁၇ ခုနှစ်အတွက် နိုင်ငံများအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၇၈ နိုင်ငံအနက် မြန်မာနိုင်ငံသည် ထိပ်တန်းနိုင်ငံစာရင်းတွင် ပါဝင်ကာ အဆင့် ၂၅ ဖြစ်သည်။
ယင်းသည် ၂၀၁၆ ခုနှစ်ထက် တစ်ဆင့်တက်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ပြိုလဲနိုင်ခြေရှိကြောင်း သတိပေးချက်လည်း ဖြစ်သည်။
အဆိုပါအညွှန်းကိန်းသည် တပ်မတော်က အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိ၊ မရှိ၊ စစ်ပွဲများ ဖြစ်ပွားနေခြင်း ရှိ၊ မရှိ၊ ရဲတပ်ဖွဲ့သည် အဆင့်မီ၊ မမီ၊ လက်နက်များ ပြန့်ပွားမှုအခြေအနေ၊ အစိုးရကြွေးမြီ၊ ဘဏ်တိုးနှုန်း၊ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးအခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အစိုးရအပေါ် လူထုယုံကြည်မှု၊ ဆန္ဒပြမှုနှင့် အဓိကရုဏ်းများဖြစ်ပွားမှု၊ ပွင့်လင်းမြင်သာမှု၊ ရွေးကောက်ပွဲများ၏ လွတ်လပ်မျှတမှု၊ နိုင်ငံရေးအရ လုပ်ကြံမှု၊ အကြမ်းဖက်မှု၊ လူဦးရေတိုးတက်နှုန်း၊ ပျံ့နှံ့နေထိုင်မှုနှုန်း၊ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာအခြေအနေ၊ မိုးခေါင်မှုအခြေအနေ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ဂိုဏ်းဂဏကွဲပြားမှု၊ အစွန်းရောက်ပြောဆိုမှု၊ အမုန်းတရားပြန့်ပွားမှု၊ ပညာရေး စသည့် အချက်များကို အခြေခံပြုစုထားခြင်းဖြစ်သည်။
မြန်မာထက် အခြေအနေဆိုးသည့် နိုင်ငံများအနေနှင့် ယူဂန်ဒါ၊ လစ်ဗျား၊ ကင်ညာ၊ အီရတ်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ယီမင်၊ ဗဟိုအာဖရိက၊ ဆိုမာ လီယာ၊ တောင်ဆူဒန် စသည့် ၂၄ နိုင်ငံ ဖြစ်သည်။
စုစုပေါင်း အမှတ် ၁၂၀ ပေးထားရာ မြန်မာက ၉၅ ဒသမ ၇ မှတ်ရရှိခြင်း ဖြစ်သည်။ ထိခိုက်ပျက်စီးနိုင်ခြေရှိသည့် နိုင်ငံများတွင် ဖင်လန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဒိန်းမတ် စသည့်တို့က အန္တရာယ်ကင်း၍ အတည်ငြိမ်ဆုံးနိုင်ငံများအဖြစ် စာရင်းဝင်သည်။
ယင်းက မြန်မာသည် နေရာများစွာတွင် ပြဿနာများရှိနေကြောင်း ပြဆိုနေခြင်းလည်း ဖြစ်သည်။
တပ်မတော်သည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေသလို စစ်ပွဲများလည်း ရှိနေသည်။ လက်နက်များက အလွယ်တကူ ရရှိနေကြသည်။ ငွေကြေးဖောင်းပွမှုနှုန်းသည် ဒေသတွင်းတွင် အမြင့်ဆုံးတွင်ရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း အခြေအနေမကောင်း။ အုပ်စုကွဲပြားမှု၊ အစွန်းရောက်အပြောအဆိုများနှင့် အမုန်းတရားဖြန့်ဝေများကလည်း ဒုနှင့် ဒေး။
“အကုန်လုံးပဲဗျာ၊ ခင်ဗျား လက်ညှိုးထိုးချင်ရာ ထိုးလိုက်။ ထိုးလိုက်တဲ့ နယ်ပယ်တိုင်းမှာ သူ့ဟာနဲ့သူတော့ ပြဿနာရှိတယ်” ဟု ဦးကျော်ဝင်းက ပြောသည်။
သူ့အဆိုအရ ကျဆုံးနိုင်ငံ (Failed State) အဆင့်ဆိုလျှင် များစွာ မဆိုးလှသေး။ ယင်းထက်ဆိုးသည့် Rogue State (ဆိုးသွမ်းပျက်စီးနိုင်ငံ) က ပို၍ ကြောက်မက်ဖွယ်ရာ။
သို့သော် လက်ရှိအနေအထားအရ ယင်းအဆင့်မှာ မြန်မာနိုင်ငံနှင့် အလှမ်းဝေးနေပါသေးသည်။
ခြွင်းချက်များရှိနေသော်လည်း မြန်မာနိုင်ငံအနေနှင့် အချုပ်အခြာအာဏာကို ဆုပ်ကိုင်ထားနိုင်သည်၊ တိုင်းပြည်၏ နယ်နိမိတ်အစွန်းထိ အာဏာဖြန့်ကြက်ထားနိုင်သည်ဟု ဆိုစရာရှိသည်။ လတ်တလောတွင်မူ မဖြစ်နိုင်သေး။
ကျဆုံးနိုင်ငံဆိုသည့် ခြောက်လှန့်မှုက တံခါးခေါက်နေရုံသာ။
“မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရမှာ” ဟု ဦးအောင်သူငြိမ်းက ပြောလိုက်ရင်း ရယ်နေသည်။
အကယ်၍ ဖြစ်သွားခဲ့လျှင်မူ အထက်ကပြောခဲ့သလို ပြည်သူလူထုအနေနှင့် ဒုက္ခသမုဒ္ဒရာ။ နိုင်ငံမတည်ငြိမ်မှုနှင့်အတူ အသက်အိုးအိမ်များပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အခြေခံအဆောက်အဦ လမ်း၊ တံတားများ ပျက်စီးခြင်း စသည့် အခြေအနေဆိုးများစွာကို ကြုံရမည် ဖြစ်သည်။
“တိုင်းပြည်စီးပွားရေးဆိုတာတော့ မစဉ်းစားနဲ့တော့ပေါ့” ဟု ဦးအောင်သူငြိမ်း က ဆိုသည်။ 
အခြားကိုးကား – နန်းတော်တွင်းမှ သီအိုရီဆရာ၊ ကျရှုံးနိုင်ငံ ပြင်ဆင်ရေး နှင့် အစိုးရတစ်ရပ်၏ လုပ်ငန်းတာဝန် (၁၀) ခု (အောင်သူငြိမ်း)။